စစ်ကိုင်း-မန္တလေးကန်ပတ်လမ်းမှလူသတ်မှု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က (၃၆)နာရီအတွင်းဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ ဇွန် ၂၀
၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာတောင်ဘက်၊ ယဉ်တော်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးကန်ပတ်လမ်း အနောက်ဘက်ဘေးတွင် မိန်းမလျာဟုထင်ရသည့် အမျိုးသားတစ်ဦးအား ယာနားပြတ်ရှ၊ ဦးခေါင်း နောက်စေ့၊ ၀ဲ/ယာမျက်ခုံးပေါက်ပြဲ၊ ယာမေးရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ သောကြောင့် ယင်းနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် အမရပူရမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။ အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးနှင့် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ် အဖွဲ့က စုံစမ်းခဲ့ရာ သေဆုံးသူမှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်နေ အလှပြင်လုပ်ငန်းလုပ်ကိုင်သူ မျိုးသိန်းကျော်(ခ)မျိုးမျိုး(၂၅)နှစ် ဖြစ်ကြောင်း သိရှိရသည်။
အမှုအား ဆက်လက်စုံစမ်းရာ မျိုးသိန်းကျော်(ခ)မျိုးမျိုးသည် ကိုးလုံးဒကာရပ်ကွက်နေ အလှပြင်လုပ်ငန်းလုပ်ကိုင်သည့် သော်ဇင်လင်းဦး(ခ)သော်သော်နှင့် လုပ်ငန်းအတူလုပ်ကိုင်သူဖြစ်ကြောင်း သိရ၍ သော်ဇင်လင်းဦး(ခ)သော်သော်အားမေးမြန်းရာ ၁၆-၆-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရတနာစု ရပ်ကွက်နေ ဒေါ်သောင်းဌေး၏နေအိမ်၌ နတ်ကန္နားကမည်ဖြစ်၍ မိတ်ကပ်လိမ်းရန် မျိုးသိန်းကျော်(ခ) မျိုးမျိုးအား ငှားရမ်းခဲ့သောကြောင့် ၎င်းနှင့်အတူသွားရောက်ခဲ့ကြောင်း၊ ယင်းနေ့ ည ၈ နာရီအချိန် ခန့်တွင် သင်္ဂဇာဘုန်းကြီးကျောင်းထိပ်၌ မျိုးသိန်းကျော်(ခ)မျိုးမျိုးအား ရဲကိုအောင်(ခ)ဖိုးသား၏ ဆိုင်ကယ်နောက်မှ လိုက်ပါသွားသည်ကိုတွေ့ရကြောင်း၊ ဒေါ်သောင်းဌေးမှလည်း မျိုးသိန်းကျော်(ခ) မျိုးမျိုးသည် နေအိမ်သို့ရောက်ရှိလာပြီး နတ်ကန္နားပွဲအတွက် လိုအပ်သည်များ ကူညီလုပ်ကိုင်ပေးကာ ည ၈ နာရီအချိန်ခန့်တွင် ရဲကိုအောင်(ခ)ဖိုးသား၏ဆိုင်ကယ်နှင့်လိုက်သွားကြောင်း သိရှိရသဖြင့် အထူး အမှုစစ်အဖွဲ့သည် ၁၈-၆-၂၀၁၄ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်နေ ရဲကိုအောင်(ခ)ဖိုးသား(၂၅)နှစ်အား ဖမ်းဆီးစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၎င်းနှင့် မျိုးသိန်းကျော်(ခ)မျိုးမျိုးတို့မှာ လွန်ခဲ့သော(၁၂)နှစ်ခန့်ကတည်းက ရင်းနှီးခဲ့သူများဖြစ်ကြောင်း၊ ၁၆-၆-၂၀၁၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ၎င်း၏နေအိမ်သို့ မျိုးသိန်းကျော်(ခ)မျိုးမျိုး ရောက်ရှိလာပြီး ဒေါ်သောင်းဌေး၏နေအိမ်၌ နတ်ကန္နားလာကခြင်းဖြစ်သဖြင့် နတ်ကန္နားပွဲကချိန်တွင် လာရောက်အားပေးရန်ပြောဆို၍ပြန်သွားခဲ့ကြောင်း၊ ည ၇ နာရီခွဲအချိန် ခန့်တွင် နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး ၎င်းဝတ်ဆင်လာသည့် ဆွဲကြိုးနှင့်လက်ကောက်တို့အား ပြန်သိမ်းရန်အတွက် လိုက်ခဲ့ပေးရန်ပြောသဖြင့် လမ်းထိပ်သို့လိုက်ပို့ပေးခဲ့ကြောင်း၊ ထို့နောက် မျိုးသိန်းကျော်(ခ)မျိုးမျိုးအား သင်္ဂဇာဘုန်းကြီးကျောင်းထိပ်မှစောင့်နေစေပြီး ည ၈ နာရီအချိန်ခန့်တွင် ၎င်း၏ ကန်ဘို-၁၂၅ ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ စစ်ကိုင်း-မန္တလေးကန်ပတ်လမ်းမှ စစ်ကိုင်းတံတားသို့ သွားရောက်ခဲ့ကြောင်း၊ စစ်ကိုင်းတံတားမှ ည ၁၀ နာရီခွဲအချိန်ခန့်တွင်ပြန်လာပြီး ဆိုင်ကယ်အတူစီး နေစဉ် မျိုးသိန်းကျော်(ခ)မျိုးမျိုးမှ ၎င်းအားပေါင်းသင်းရန်၊ အိမ်ရှိဇနီးဖြစ်သူအား ကွာရှင်းရန်နှင့် ထိုသို့ မပြုလုပ်ပါက နေအိမ်ရှိ ဇနီးနှင့်သားအားပြုစား၍ သတ်ပစ်မည်ဟုပြောဆိုသဖြင့် အငြင်းပွားပြီး ဆိုင်ကယ်အား လမ်းဘေးတွင်ရပ်ခဲ့ကြောင်း၊ ထိုသို့အငြင်းပွားစဉ် မျိုးသိန်းကျော်(ခ)မျိုးမျိုးမှ အနီးရှိ ကျောက်ခဲအားကောက်ကိုင်ကာရန်မူသဖြင့် လုယူ၍ မျိုးသိန်းကျော်(ခ)မျိုးမျိုး၏ ဦးခေါင်းနှင့်မျက်နှာ တို့အား (၄/၅)ချက်ခန့်ထုပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများအား သွားရောက်သိမ်းဆည်းခဲ့ပြီး ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ပူးပေါင်းကြိုးပမ်း ဆောင်ရွက်မှုကြောင့် အမှုအား(၃၆)နာရီအတွင်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
http://myanmarpoliceforce.org/index.php?option=com_content&view=article&id=698:2014-06-20-12-17-52&catid=104&Itemid=764 တွင်ဖော်ပြထားရှိပါသည်။

