သည်နေ့ လစဉ်ဖတ်နေကျမဂ္ဂဇင်းအသစ် ထွက်မည်မို့ ရုံးဆင်းပြီးပြီးချင်း ကိုမင်းလတစ်ယောက် မဂ္ဂဇင်းတိုက်ဆီသို့ ကားကို ဦးတည်လိုက်လေသည်။ မဂ္ဂဇင်းကိုက ထူးခြားသော မဂ္ဂဇင်း၊ မဂ္ဂဇင်းအမည်က “ကာလာရိန်းဘိုး”၊ Homosexual မဂ္ဂဇင်း။ ထိုမဂ္ဂဇင်းအား ကိုမင်းလ လစဉ်ဖတ်ကြောင်း လူသိမခံဝံ့သော မဂ္ဂဇင်းမို့ ကိုမင်းလ လစဉ်ဖတ်သော်လည်း အိမ်အရောက်ပို့စနစ်နဲ့ မမှာယူခဲ့။ အိမ်အရောက်ပို့ စနစ်နဲ့ မှာယူပါက ဇနီးဖြစ်သူ မယဉ်ယဉ်မေက တစ်နည်းမဟုတ် သိသွားပေလိမ့်မည်။ ကိုမင်းလက လိင်တူချစ်သူဆိုတာ မယဉ်ယဉ်မေသိလို့ မဖြစ်။ သိသွားခဲ့ပါက အိမ်ထောင်ရေး ပျက်ပြယ်ပေလိမ့်မည်။ သားလူမမယ်ကလေးနှစ်ယောက် မိတဆိုး ဖတဆိုးလေးတွေ ဖြစ်ချင်ဖြစ်သွားပေလိမ့်မည်။ မယဉ်ယဉ်မေက ကိုမင်းလလိင်တူချစ်သူဖြစ်နေခြင်းကြောင့် ကွာရှင်းခဲ့သည်ဆိုတောင် ကိုမင်းလ ဘယ်လိုမှ နေသာမိမည်မဟုတ်ပေမဲ့ သားလူမမယ်လေးတွေအတွက် ငဲ့ရပေမည်။
ကိုမင်းလအလွန်ကြိုက်နှစ်သက်သော မဂ္ဂဇင်းမို့ မဂ္ဂဇင်းတိုက်က ထုတ်ပေးပေးချင်းချင်း စာအုပ်လေးကို မြတ်နိုးသောကြောင့် လက်ဆွဲအိတ်ထဲထည့်လိုက်သည်။ မဂ္ဂဇင်းထဲတွင် ပါလာသော စာများကို ဖတ်ပြီးသွားမည်ကို နှမြောလွန်းကြောင့် အိမ်ရောက်ကာမှ ဇိမ်ရှိရှိနဲ့ ဖတ်တော့မည်ဟု တွေးလိုက်သည်။
ဇနီးသည် မယဉ်ယဉ်မေ ချက်ပြုတ်ကျွေးသော ညစာကို စားအပြီး ကလေးနှစ်ယောက်အား မယဉ်ယဉ်မေချော့သိပ်နေစဉ် လက်ဆွဲအိတ်လေးကို ယူကာ “အလုပ်တွေမပြီးသေးလို့ စာကြည့်ခန်းထဲသွားလိုက်ဦးမယ်နော်” ဆိုပြီး စာကြည့်ခန်းထဲ ၀င်သွားလိုက်သည်။
စာကြည့်ခန်းထဲ ရောက်တော့ လက်ဆွဲအိတ်ထဲက “ကာလာရိန်းဘိုး” မဂ္ဂဇင်းအသစ်စက်စက်လေးအား ထုတ်ယူလိုက်သည်။ စာအုပ်မျက်နှာဖုံးလေးကို မြတ်မြတ်နိုးနိုးနဲ့ ဖြည်းညင်းစွာ ကြည့်လိုက်တော့ ကိုယ့်မျက်စိကိုမယုံချင်။ ကိုမင်းလခေါင်းထဲ မိုးကြိုးပစ်ချခံလိုက်သလို ခံစားလိုက်ရသလို တစ်ကိုယ်လုံးလည်း ကြက်သီးတွေ ဖြန်းကနဲ့ ထသွားရသည်။ မျက်နှာဖုံးပိုင်ရှင်က ကိုမင်းလအား ဖျော့တော့သော မျက်နှာထား၊ ဆွေးရိပ်သန်းနေသည့် မျက်ဝန်းများနဲ့ ကြည့်နေသည်။ နှုတ်ခမ်းလေးက မသိမသာပြုံးနေပေမဲ့ နည်းနည်းလေးမှ ပျော်ရွှင်မနေကြောင်း မျက်ဝန်းများက သက်သေပြနေသည်။ ထိုသူသည် အခြားမဟုတ်။ “လင်းလေး” ဖြစ်သည်။ လွန်ခဲ့သော (၈)နှစ်ကျော်ခန့်က ကိုမင်းလအသက်တမျှချစ်ခဲ့ရသော လင်းလေးဖြစ်နေသည်။ ထို့အတူ လင်းလေးကလည်း ကိုမင်းလအား အသက်တမျှ ချစ်ခဲ့လေသည်။ မမျှော်လင့်ပဲ လင်းလေးမျက်နှာလေးကို မြင်လိုက်ရတော့ ကိုမင်းလရင်ထဲ နင့်ကနဲ့နေအောင် ခံစားလိုက်ရလေသည်။
သည်ကာလာရိန်းဘိုး မဂ္ဂဇင်းတွင် ဘာကြောင့် လင်းလေးမျက်နှာဖုံး ပါရသလဲ။ မျက်နှာဖုံးပေါ်က ခေါင်းစီးကိုကြည့်လိုက်သည်။ “ကိုယ့်အားကိုယ်ကိုးရင်း ဖက်ရှင်လောကတွင် တစ်စွန်းတစ်စ နာမည်ရလာသော လင်းလေး” ဟူ၍ဖြစ်သည်။
အို လင်းလေးက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ပင် ဖြစ်နေပါပြီတဲ့လား။ ဟိုအရင်အချိန်တုန်းက လင်းလေးမှာ ဖက်ရှင်ဒီဇိုင်နာဝါသနာပါတယ်လို့ မပြောခဲ့ဖူး။ ကိုမင်းလနဲ့ ပြတ်စဲပြီးနောက်ပိုင်း လင်းလေးတော်တော်ကြီးကို ပြောင်းလဲသွားခဲ့တာများလား။ မျက်နှာဖုံးလေးကိုလှန်ပြီး လင်းလေး၏ အင်တာဗျူးပါသည့် စာမျက်နှာကို ရှာကြည့်လိုက်သည်။ တွေ့လိုက်ပေပြီ။ လင်းလေးနှုတ်မှ ပြောပြသည့် စာသားများကို ကိုမင်းလအငမ်းမရဖတ်လိုက်သည်။
“မင်္ဂလာပါ”
“ဟုတ်ကဲ့ မင်္ဂလာပါ”
“နာမည်ကနေပဲ စပြီး မိတ်ဆက်ကြရအောင်လား၊ နာမည်အရင်းကအစပေါ့”
“ဟုတ်ကဲ့၊ ကျွန်တော့်နာမည်က လင်းလေးပါ၊ နာမည်ရင်းကလင်းလင်းခန့်ပါ”
“သြော်၊ ဖက်ရှင်လောကမှာ ဘာကြောင့် လင်းလေးဆိုတဲ့ နာမည်လေးကို သုံးဖြစ်ခဲ့တာလဲ”
“ဘာကြောင့် လင်းလေးဆိုတဲ့ နာမည်လေးကို သုံးဖြစ်ခဲ့သလဲဆိုတော့.. အင်း…သြော်..သူငယ်ချင်းတစ်ယောက်က လင်းလေးလို့ ခေါ်ခဲ့တာကို သတိရလိုက်လို့ သုံးဖြစ်သွားခဲ့တာပါ”
လင်းလေး၏ ထိုအဖြေလေးကို ဖတ်လိုက်ရတော့ ကိုမင်းလမျက်ဝန်းအိမ်မှ မျက်ရည်လေးက ပေါက်ကနဲ့ ကျလာသည်။
သူငယ်ချင်းတစ်ယောက်က ခေါ်ဝေါ်ခဲ့လို့တဲ့လား။ တကယ်ဆိုရင် ကိုမင်းလကပဲ ချစ်သူတို့ သဘဘာဝ ကိုယ့်ချစ်သူလေးရဲ့အမည်ကို သူများနဲ့ မတူ တမူထူးခြားစွာ လင်းလေးလို့ အဖျားဆွတ် ခေါ်ဝေါ်ခဲ့ခြင်းသာပါ။ ထိုအင်တာဗျူးဖြေစက ကိုမင်းလရဲ့ မျက်နှာလေးကို ပြေးမြင်ယောင်မိမှာပေါ့။ လင်းလေးရဲ့ ရင်ထဲ နင့်ကနဲ့နေအောင် ခံစားခဲ့ရမှာပေါ့။
စာရွက်များကို လှန်လှောကာ ဖတ်လိုက်ပြန်သည်။
“စပ်စုတယ်လို့တော့ မဆိုပါနဲ့နော်၊ ကိုလင်းလေးက အခုချိန်ထိ ရည်းစားလည်းမထားပဲ တစ်ကိုယ်တည်းနေခဲ့ပုံထောက်ရင် အတိတ်က ရင်ထဲမှာ တစ်ယောက်ယောက်ရှိခဲ့လိမ့်မယ်ထင်တယ်၊ ကိုလင်းလေးရဲ့ အချစ်အကြောင်းလေး နည်းနည်းပါးပါးလောက်ပြောပြပေးနိုင်မလား”
“အချစ်အကြောင်းလား”
“အင်း…”
“…….”
“မပြောချင်လည်း ရပါတယ်”
“သြော် ရပါတယ်၊ ပြောရမှာပေါ့၊ အတိတ်က ချစ်သူတော့ ရှိခဲ့ဖူးပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် ချစ်လျှက်နဲ့ ကွဲခဲ့ရပါတယ်၊ အခုတော့ သူလည်း ဇနီးနဲ့၊ သားနဲ့ သမီးနဲ့ ပျော်ရွှင်နေမှာသေချာပါတယ်”
“သြော်၊ သူက မိန်းမယူလိုက်တာကိုး”
“ဟုတ်ပါတယ်၊ မတတ်သာလို့ ယူလိုက်ရတာပါ”
ထိုအဖြေကြောင့် ကိုမင်းလ မျက်ရည်တွေ အိုင်ထွန်းလာရပြန်သည်။ လင်းလေးပြောတာ မှန်သည်။ ဟိုအရင်အချိန်က ကိုမင်းလရယ် လင်းလေးရယ် တစ်ယောက်နဲ့ တစ်ယောက် သိပ်ကိုချစ်ခဲ့ကြသည်။ အွန်လိုင်းမှာ ဆုံတွေ့ပြီး ချစ်ခဲ့ကြတာဆိုပေမဲ့ တစ်ယောက်အပေါ်တစ်ယောက် ချစ်တဲ့အချစ်တွေက သာမာန်လူတွေထက်ပိုပြီး ခိုင်မြဲခဲ့ကြသည်။ ကံအကြောင်းမလှတော့ ချစ်သူနှစ်ဦးတို့ကြား မုန်တိုင်းထန်လာခဲ့သည်။ ကိုမင်းလနဲ့ လင်းလေးတို့ ယောက်ျားချင်း ချစ်နေတဲ့အကြောင်း နှစ်ဖက်မိဘတွေ သိသွားခဲ့ကြတော့ လင်းလေး၏မိဘတွေက ဘယ်လိုမှ မတုံ့ပြန်ပေမဲ့ ကိုမင်းလ၏ မိဘတွေကတော့ ချစ်ခြင်းကိုခွဲကာ ကိုမင်းလအား မယဉ်ယဉ်မေနဲ့ အတင်းပေးစားခဲ့လေသည်။ သေမှ ခွဲဖို့ ဆုံးဖြတ်ခဲ့တဲ့ ချစ်သူနှစ်ဦးအား ရှင်လျှက်နဲ့ ကွဲစေခဲ့သည့် ကိုမင်းလ၏ မိဘများကို ကိုမင်းလအလွန်စိတ်နာမိသည်။ မယဉ်ယဉ်မေနဲ့ ခမ်းခမ်းနားနားလက်ထပ်ခဲ့သည့်နေ့မှစ၍ လင်းလေး၏သတင်းသည် စုန်းစုန်းမြုပ် ပျောက်ကွယ်သွားခဲ့လေသည်။
“သြော် ကိုလင်းလေးကို အသည်းမာတဲ့သူလို့ ထင်ထားခဲ့တာ၊ အခုတော့ ထင်သလိုမဟုတ်ပါလား၊ ကိုလင်းလေးမှာလည်း သည်လိုရင်နာဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုး ရှိခဲ့လိမ့်မယ်လို့မထင်ဘူး၊ အင်းလေ လူတိုင်းမှာ အချစ်ဦးတစ်ယောက်တော့ ရှိစမြဲပဲလေ၊ ဟုတ်တယ်မဟုတ်လား”
“ဟုတ်တာပေါ့ဗျာ”
“အင်း သည်တစ်ခါလည်း စပ်စုတယ်လို့ မထင်ပါနဲ့ဦးနော်၊ ကိုလင်းလေးရဲ့ခြေထောက်က ဘယ်လိုဖြစ်တာလဲဟင်၊ မွေးရာပါလား၊ ခြေထောက်မကောင်းပဲနဲ့ အခုလို အောင်မြင်နေတာဆိုတော့ တချို့ လူတွေကိုလည်း ကိုလင်းလေးကိုကြည့်ပြီး အတုယူစေချင်လို့ပါ”
ထိုမေးခွန်းကြောင့် ကိုမင်းလ နားမလည်နိုင်စွာ မျက်လုံးတွေ ပြူးသွားရသည်။ လင်းလေးက ခြေထောက်မကောင်းဘူးဆိုပါလား။ ဟိုအရင်တုန်းက လင်းလေးခြေထောက်က အကောင်းပကတိပါ။ အင်တာဗျူးသူများ အမြင်မှားပြီး မေးလိုက်တာများလား။ ကိုမင်းလနားမလည်သဖြင့် အမေးအဖြေများကြားမှာ ကွက်ကြားကွက်ကြားပြထားသည့် လင်းလေး၏ ပုံများကို ကြည့်လိုက်မိသည်။ အို. လင်းလေးက ၀ှီးလ်ချဲနဲ့ပါလား။ အရင်က အကောင်းပကတိရှိခဲ့တဲ့ လင်းလေးရဲ့ခြေထောက်နှစ်ဖက်က မရှိတော့ပါလား။ ဘယ်လိုများဖြစ်တာပါလိမ့်။ လင်းလေး၏ အဖြေကို ကိုမင်းလအငမ်းမရ ဖတ်လိုက်မိပြန်သည်။
“သည်မေးခွန်းကို ကျွန်တော်မဖြေချင်ပေမဲ့ နောက်လူတွေ ကျွန်တော်လိုမဖြစ်အောင် ဖြေပေးလိုက်ပါ့မယ်၊ ကျွန်တော့်ခြေထောက်နှစ်ဖက်က လွန်ခဲ့တဲ့ (၈)နှစ်ကျော်ခန့်က အက်ဆီးဒင့်ဖြစ်ခဲ့တာပါ၊ ကျွန်တော့်ချစ်သူ လက်ထပ်တဲ့ညက ဖြစ်ခဲ့တာပါ၊ ချစ်ရသူကို ဆုံးရှုံးလိုက်ရပြီဆိုတာ သိလိုက်ရတော့ ရင်နှင့်အမျှ ခံစားလိုက်ရပြီး အရူးတစ်ယောက်လို ဘာမှန်းမသိတော့ပဲ ဦးတည်ရာမဲ့ပြေးလိုက်မိရင်းက အရှိန်နဲ့မောင်းလာတဲ့ ကားနဲ့ ကြိတ်မိခဲ့တာပါ”
အို…။ ကားကြိတ်ခံရတာတဲ့လား။ ကိုမင်းလရဲ့ လင်းလေးတစ်ယောက် ကားကြိတ်ခံရလို့ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့တယ်တဲ့လား။ ကိုမင်းလ လက်ထပ်ခဲ့သည့်ညမှာပဲ ဖြစ်ခဲ့တာတဲ့လား။
အို ဒါ ငါ့ကြောင့်ဖြစ်ရတာ။ ငါ့ကြောင့် လင်းလေးအခုလိုဖြစ်ရတာ။ ငါ လင်းလေးကိုမစောင့်ရှောက်နိုင်ခဲ့လို့ဖြစ်ရတာ။ သည်လိုမှန်းမသိပဲ လင်းလေးကို အတတ်နိုင်ဆုံး မေ့နိုင်အောင်ကြိုးစားပြီး ယဉ်ယဉ်မေ့ကို မချစ်ပဲနဲ့ အတတ်နိုင်ဆုံး ချစ်နိုင်အောင် ကြိုးစားပြီး ပျော်ပျော်ရွှင်ရွှင်နေလာခဲ့မိတာ။ ငါ လင်းလေးအပေါ်မှာ သိပ်ကိုရက်စက်နေခဲ့ပါပြီလား။
ကိုမင်းလ ဆောက်တည်ရာမရဖြစ်ကာ အခန်းထဲက ပြေးထွက်ခဲ့တော့ …
“မောင် ဘယ်လဲ၊ ညဥ့်နက်နေပြီလေ၊ ဟယ်တော် မောင်”
လို့ မယဉ်ယဉ်မေက ပြောသည်ကို မကြားလိုက်မိပဲ လမ်းကို ဦးတည်ရာမဲ့စွာ ခပ်သွက်သွက်လျှောက်နေမိသည်။ ထိုသို့ ခပ်သွက်သွက်လျှောက်နေရင်းက ဘယ်ဆီ ဘယ်လမ်းသို့ ရောက်ရှိနေသည်ကိုပင် မသိတော့။ ညဥ့်လည်း နက်ပြီ။ လမ်းမပေါ်မှာပင် ကား တစ်စီးစ နှစ်စီးစသာရှိတော့သည်။
ခြေထောက်တွေ ညောင်းလာသဖြင့် ရှေ့ မှာတွေ့သည့် ခုံတန်းလျားလေးပေါ် ထိုင်ချလိုက်မိသည်။ လင်းလေးပြောပြနေသည့် စာသားများကို မျက်ဝန်းထဲ ပြေးမြင်ယောင်နေမိသည်။
“ကျွန်တော့်ခြေထောက်နှစ်ဖက်က လွန်ခဲ့တဲ့ (၈)နှစ်ကျော်ခန့်က အက်ဆီးဒင့်ဖြစ်ခဲ့တာပါ၊ ကျွန်တော့်ချစ်သူ လက်ထပ်တဲ့ညက ဖြစ်ခဲ့တာပါ၊ ချစ်ရသူကို ဆုံးရှုံးလိုက်ရပြီဆိုတာ သိလိုက်ရတော့ ရင်နှင့်အမျှ ခံစားလိုက်ရပြီး အရူးတစ်ယောက်လို ဘာမှန်းမသိတော့ပဲ ဦးတည်ရာမဲ့ပြေးလိုက်မိရင်းက အရှိန်နဲ့မောင်းလာတဲ့ ကားနဲ့ ကြိတ်မိခဲ့တာပါ”
ကိုမင်းလ ခေါင်းကို အထပ်ထပ်အခါခါ ထုနှက်ရင်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။
“လင်းလေး လင်းလေး ဟီး ဟီး ဟီ…ကိုလတောင်းပန်ပါတယ်လင်းလေးရယ်၊ လင်းလေးကို ကိုယ်မစောင့်ရှောက်နိုင်ခဲ့ဘူး ကိုလတောင်းပန်ပါတယ်လင်းလေးရယ် ဟီး ဟီး ဟီး….”
ဝအောင်ငိုပြီးကာမှ မျက်နှာချင်းဆိုင်ရှေ့ တွင် ညဥ့်နက်သည့်တိုင် မီးလင်းနေဆဲရှိသည့် ဘားဆိုင်လေးတွေ့သဖြင့် လျှောက်လှမ်းလိုက်သည်။ ဆိုင်ထဲတွင် လူအနည်းငယ်ရှိနေသည်။ နေရာလွတ်တစ်ခုတွင် ၀င်ထိုင်ရင်း အရက်ပြင်းများကို မှာကာ မော့သောက်ပစ်လိုက်သည်။ မျက်ဝန်းထဲ ဆွေးရိပ်သန်းနေသည့် လင်းလေးရဲ့ မျက်နှာလေးကို ပြေးပြေးမြင်ယောင်မိကာ ရင်ထဲ နင့်ကနဲ့ နင့်ကနဲ့ ခံစားလိုက်ရကာ ခေါင်းကို အထပ်ထပ်ခါရမ်းနေမိသည်။ ထိုသို့ ခါရမ်းလိုက်ရင်းက အတော်လှမ်းလှမ်းထောင့်တစ်ရာမှ လူအား မြင်ဖူးသလိုလိုရှိခြင်းကြောင့် လင်းလေးများလားဆိုပြီး လှည့်ကြည့်လိုက်သည်။
ကိုမင်းလမျက်ဝန်းများ ပြူးကျယ်သွားသည်။ ဟုတ်သည်။ တိတ်ဆိတ်စွာ အရက်များကို သောက်နေသည့်သူဟာ လင်းလေးမှ လင်းလေးအစစ်။ လင်းလေးက စတီးဖြင့်လုပ်ထားသည့် ၀ှီးလ်ချဲပေါ်တွင် ထိုင်နေသည်။ လင်းလေးကြည့်ရတာ စိတ်မချမ်းမြေ့ဖွယ် ကြုံတွေ့နေရခြင်းကြောင့် ခံစားနေရပုံပေါက်နေသည်။ လင်းလေးအား အခုလို ပြန်မြင်တွေ့ရတော့ ကိုမင်းလရင်ထဲ နင့်ကနဲ့ ခံစားလိုက်ရပြန်သည်။
“လင်း လင်းလေ…”
နှုတ်မှ တိုးတိုးရေရွတ်လိုက်မိသည်။ လှမ်းခေါ်လိုက်ချင်ပေမဲ့ ခေါ်လိုက်သင့်သလားတော့မသိ။ အခန့်မသင့်ရင် လင်းလေးစိတ်အား ထိုးဆွလိုက်သလို ဖြစ်ချင်ဖြစ်သွားပေလိမ့်မည်။ ကိုမင်းလ ခေါင်းကိုရမ်းကာ ကျသင့်ငွေကိုရှင်းပြီး ဆိုင်အတွင်းမှ ထွက်ခဲ့လိုက်သည်။
တစ်နာရီလောက်ကြာတော့ ဆိုင်အတွင်းမှ လင်းလေးတစ်ယောက် ၀ှီးလ်ချဲလေးနဲ့ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ကိုမင်းလလည်း အားတင်းကာ ကြံထားသည့်အတိုင်း နှာခေါင်းစည်းအနက်ကိုစွပ်၊ လျှာထိုးဦးထုပ်ကို ဆောင်းလိုက်သည်။ လင်းလေးက လမ်းမဘေးရပ်ကာ တက္ကစီတားရန် စောင့်နေသည်ကိုတွေ့လိုက်ရသည်။ ညဥ့်နက်ပြီဖြစ်သဖြင့် လူသွားလူလာ ကင်းရှင်းကာ တက္ကစီကားကလည်း တော်တော်နဲ့ ပေါ်မလာ။ တက္ကစီကားမလာခင် လင်းလေးဆီသို့ ကိုမင်းလအပြေးကလေးပြေးကာ လင်းလေး၏ ၀ှီးလ်ချဲအား နောက်ကနေ ကျဉ်းမြောင်းလှသော လမ်းကြားထဲသို့ တွန်းပြေးလိုက်သည်။
“ဟိတ် ဟိတ်လူ ဘာလုပ်တာလဲ၊ ဟာ ဘာလုပ်တာလဲဗျ”
တဒင်္ဂမို့ လင်းလေးအလန့်တကြားအော်နေသည်။ လင်းလေးအော်သော်လည်း မည်သူမျှ ရောက်မလာခဲ့။ အော်ဟစ်နေသည့် လင်းလေး၏ ပါးစပ်အား ကိုမင်းလက လက်နဲ့အုပ်ထားလိုက်သည်။ လင်းလေးက အလန့်တကြား ရုန်းရင့်နေသေးသည်။ လင်းလေး ရပ်တန့်သွားကာမှ လက်နဲ့အုပ်ထားခြင်းကို ခွာလိုက်ပြီး လင်းလေးရှေ့ သို့ ရပ်လိုက်သည်။ လင်းလေးကြည့်ရတာ အလွန်ကြောက်ရွှံ့ နေဟန်ရှိသည်။
“ဘာ ဘာလုပ်မလို့ဟင်၊ ကျွန်တော့်ကို ပြန်ပေးဆွဲတာလား၊ ဒုက္ခိတတစ်ယောက်ကို ပြန်ပေးဆွဲတာ ခင်ဗျား မရှက်ဘူးလား”
လင်းလေးက ကြောက်ကြောက်နဲ့ ပြောနေလေသည်။
လင်းလေးမျက်နှာအား ကိုမင်းလ စိုက်ကြည့်နေလိုက်သည်။
အရင်အတိုင်းပါပဲလားလင်းလေးရယ်။ အချိန်တွေ ကြာခဲ့တာတောင် အရင်အတိုင်း ချောတုန်း လှတုန်းပါပဲလား။ ငယ်ရုပ်တောင်မပျောက်သေးပါလား။
လင်းလေး၏ ပါးလေးအား ကိုင်မယ်လုပ်တော့ လင်းလေးက အလန့်တကြားဖယ်ခါလိုက်သည်။
“အို မလုပ်ပါနဲ့၊ သည်ဆွဲကြိုးလေးကိုတော့ မယူလိုက်ပါနဲ့၊ ကျွန်တော်အရမ်း မြတ်နိုးတဲ့ ဆွဲကြိုးလေးမို့ပါ”
လင်းလေးစကားကြောင့် ကိုမင်းလနှလုံးခုန်သံများ ရပ်တန့်သွားသည်။ လင်းလေးအရမ်းမြတ်နိုးတဲ့ ဆွဲကြိုးဆိုပါလား။
လင်းလေးက ဆုံးဖြတ်ချက်ချနေဟန်ရှိသည်။ ပြီးမှ ခေါင်းရမ်းလိုက်ရင်း ဆွဲကြိုးလေးကိုဖြုတ်ကာ ကိုမင်းလအား ပေးလိုက်သည်။
“ရော့ လိုချင်ရင် ယူသွားပါ၊ ကျွန်တော် သည်ဆွဲကြိုးလေးကြောင့် ကျွန်တော့်စိတ်တွေ မပြတ်မသားဖြစ်နေခဲ့ရတာ၊ အခုတော့ တန်ဖိုးထားမနေသင့်တော့ဘူး၊ မဖြစ်နိုင်တော့တာကို တပ်မက်မနေသင့်တော့ဘူး၊ ယူလိုက်ပါ ရော့ပါ”
လင်းလေးကမ်းပေးသော ဆွဲကြိုးလေးအား ကိုမင်းလ လက်တုန်တုန်နဲ့ ယူလိုက်ပြီး ကြည့်လိုက်သည်။
အို သည်ဆွဲကြိုးလေးဟာ ကိုမင်းလနဲ့ လင်းလေးတို့ ချစ်သူသက်တမ်း ရက်(၁၀၀)ပြည့်တုန်းက ကိုမင်းလကိုယ်တိုင် လင်းလေးအား ပေးထားခဲ့သည့် ဆွဲကြိုးလေး။ သည်ဆွဲကြိုးလေးကို လင်းလေးက အခုထိ သိမ်းထားတုန်းတဲ့လား။
ကိုမင်းလ မခံစားနိုင်စွာ မျက်ရည်လေးများ ပေါက်ကနဲ့ ကျသွားပြီး လင်းလေးရှေ့ မှာ ဒူးထောက်ထိုင်ချလိုက်သည်။ ကိုမင်းလအဖြစ်ကို လင်းလေးကတော့ နားမလည်နိုင်စွာ ကြည့်နေသည်။
လင်းလေးရှေ့ မှာ ဒူးထောက်ထိုင်ချလိုက်တော့ လင်းလေးခြေနှစ်ဖက် လွတ်နေသည်ကို တွေ့လိုက်ရသည်။
အို ကိုလရဲ့ကလေးလေး။ ခြေနှစ်ဖက် တကယ်မရှိတော့တာပါလား။ တစ်ချိန်တုန်းက ကိုမင်းလကိုယ်တိုင် ခြေသည်းလေးတွေ ညှပ်ပေးခဲ့သည့် လင်းလေးရဲ့ ခြေထောက် နူးနူးညံ့ညံ့လေးတွေ မရှိတော့ပါလား။
လင်းလေး၏ ခြေထောက်လေးအား ကိုမင်းလကိုင်ကြည့်လိုက်သည်။ လင်းလေးကတော့ ငြိမ်သက်လို့နေသည်။
မျက်ရည်များနဲ့ လင်းလေးမျက်နှာအား မော့ကြည့်လိုက်သည်။ ကိုမင်းလ၏ မျက်ရည်များကို လင်းလေး မြင်တွေ့သွားသည်။
“လင်း လင်းလေး…”
နှုတ်မှ ခေါ်ချင်ပေမဲ့ ထွက်မလာခဲ့။ လင်းလေး၏ လက်ချောင်းလေးများက ကိုမင်းလ၏ နှာခေါင်းစည်းအား ဖယ်ခွာမယ်လုပ်လိုက်တော့ ကိုမင်းလက ဖျတ်ကနဲ့ နောက်ဆုတ်လိုက်သည်။
အို မဖြစ်သေးပါဘူး။ ငါ ဆိုတာ လင်းလေးသိသွားလို့မဖြစ်ဘူး။ ငါ့မှာ ဇနီးနဲ့ သားနဲ့ သမီးနဲ့။ ငါ့မိသားစုကို ငါစောင့်ရှောက်ရဦးမယ်။ မိသားစုတစ်ဖက်နဲ့ လင်းလေးကို စိတ်ဒဏ်ရာမပေးချင်တော့ဘူး။
ကိုမင်းလ ဖျတ်ကနဲ့ ထကာ လင်းလေးအရှေ့ ကနေ ပြေးထွက်သွားသည်။
“ဟိတ်လူ…”
လင်းလေး လှမ်းခေါ်သော်လည်း ကိုမင်းလလှည့်မကြည့်တော့။
“ကိုလလား….”
လင်းလေးက ဘီးနှစ်ဖက်အား လက်နှစ်ဖက်နဲ့ အလျင်အမြန်တွန်းလာရင်း လှမ်းမေးလိုက်သည်။
လင်းလေးအသံကြောင့် ကိုမင်းလခြေထောက်လေးများ တုံ့ကနဲ့ ရပ်တန့်သွားသည်။ လှည့်တော့ မကြည့်ခဲ့။ လင်းလေးက တဖြည်းဖြည်းနဲ့ ကိုမင်းလအနောက်နားသို့ ရောက်လာသည်။
“ကိုလဟုတ်လားဟင်၊ ကိုလမဟုတ်လားလို့”
သို့တိုင် ကိုမင်းလကတော့ နှုတ်ဆိတ်နေသည်။
“ကိုလ ကျွန်တော် လင်းလေးပါကိုလ”
မဖြစ်တော့ဘူးဆိုပြီး ကိုမင်းလခေါင်းရမ်းကာ ပြေးလိုက်တော့
“နေပါဦးကိုလ၊ ပြောစရာလေးရှိလို့ပါ”
ဆိုတော့ ကိုမင်းလရပ်တန့်သွားပြန်သည်။
“ကျွန်တော်ပျော်ရွှင်နေပါတယ်၊ ကိုလလည်း ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်တယ်၊ ကိုလမရှိပဲနဲ့လည်း ကျွန်တော်လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင် နေနေပါတယ်၊ လင်းလေးအပေါ်မှာ ကိုလမရက်စက်ခဲ့ပါဘူး၊ လင်းလေးအသည်းကိုလည်း မခွဲခဲ့ပါဘူး၊ ကံအကြောင်းမလှလို့သာ အခုလိုဖြစ်ကြရတာ၊ ဒါ့ကြောင့် လင်းလေးအပေါ်မှာ ရက်စက်တယ်လို့ မြင်ပြီး ခံစားရမနေပါနဲ့၊ စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါတော့”
ကိုမင်းလငြိမ်သက်စွာ နားထောင်ရင်း လှည့်ပင်မကြည့်တော့ပဲ ပြေးသွားလိုက်သည်။
“ဒိုင်း ဒုန်း ဘတ်ဘတ်ဘတ် ချလွမ်း.ဒန် ဒန် ဒန်……”
နောက်မှအသံဗလံများကြောင့် ကိုမင်းလပြေးနေရင်းက စိုးရိမ်စွာနဲ့ ဖျတ်ကနဲ့ လှည့်ကြည့်လိုက်တော့ တက္ကစီကားတစ်စီးသည် ဓာတ်မီးတိုင်းကြီးအား တိုက်မိနေရင်း မီးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ လမ်းလယ်ကောင်တွင်တော့ လင်းလေး၏ ခန်ဓာကိုယ်သည်ကား အရုပ်ကြိုးပြတ်။ ၀ှီးလ်ချဲလေးသည်ကာ ကြေမွလို့။
“လင်းလေး…..”
ကိုမင်းလ လင်းလေးအား စိုးရိမ်စွာ ပြေးပွေ့လိုက်သည်။
“လင်းလေး လင်းလေး သတိရပါဦး၊ မျက်လုံးဖွင့်ကြည့်လိုက်ဦးလင်းလေးရ”
လင်းလေးသည် သွေးအလိမ်းလိမ်းနဲ့ ငြိမ်သက်နေရင်းက မျက်လုံးလေး ဖြည်းညင်းစွာ ပွင့်လာသည်။ လက်ချောင်းလေးက ကိုမင်းလ၏ နှာခေါင်းစည်းလေးအား ဖြုတ်ယူလိုက်သည်။ မျက်ရည်များနဲ့ ငိုရှိုက်နေသော ကိုလ၏ မျက်နှာလေးကို မြင်လိုက်ရတော့ လင်းလေးမျက်နှာလေး ပြုံးသွားသည်။
“တကယ် ကိုလပဲကိုး”
“အင်း အင်း ဟုတ်ပါတယ်၊ ကိုလပါ၊ လင်းလေးသိပ်တွေ့ချင်နေတဲ့ကိုလပါလို့”
“ကို ကိုလက အရင်အတိုင်းပဲ ဘာမှမပြောင်းလဲသေးပါလားနော်၊ ကျန်းကျန်းမာမာ ရှိနေပေးလို့ ကျေးဇူးတင်လိုက်တာကိုလရယ်”
ကိုမင်းလက ခေါင်းတဆတ်ဆတ်ညိတ်ရင်း မျက်ရည်များက တစ်လိမ့်ပြီးတစ်လိမ့်ကျလာသည်။
“သည်နေ့ လင်းလေးရဲ့ အင်တာဗျူးပါလို့ လင်းလေးအကြောင်း ကိုလသိမယ်ထင်ထားပေမဲ့ ကိုလကိုအခုလို တွေ့ရလိမ့်မယ်လို့ တကယ်မထင်မိဘူး၊ လင်းလေးလေ ကိုလကို သည်တစ်သက်တွေ့ခွင့်မှ ရပါတော့မလားလို့ စိတ်ပူနေခဲ့တာ၊ မမျှော်လင့်ပဲ တွေ့ခွင့်ရတော့ လင်းလေး သေပျော်ပါ…”
လင်းလေး၏ အသံလေးသည်သာ ပျောက်ကွယ်သွားသည်။ အပြုံးမျက်နှာလေးကတော့ ရပ်တန့်နေသည်။
“လင်းလေး…”
ကိုမင်လက ဆို့နင့်စွာ အော်ခေါ်လိုက်သည်။ သို့တိုင် လင်းလေးကတော့ ကိုမင်းလ၏ရင်ခွင်ထဲမှာ ငြိမ်သက်လို့နေသည်။
“လင်းလေးကို ငါနှစ်ခါပြန်သတ်လိုက်တာ၊ အား… အား… လင်းလေးကို ငါနှစ်ခါပြန်သတ်လိုက်တာ…”
ကိုမင်းလကတော့ လင်းလေး၏ ကိုယ်လေးအား တင်းတင်းကျပ်ကျပ်ပွေ့ဖက်ရင်း ဆို့နင့်စွာ အော်နေတော့သည်။
“လင်းလေးကို ငါနှစ်ခါပြန်သတ်လိုက်တာ အီး ဟီး ဟီး….”
Xxxxxxxxxxxxxxx
နောက်တစ်နေ့ ကိုမင်းလ၏ အိမ်မှ စာကြည့်ခန်းထဲတွင် မယဉ်ယဉ်မေ၏ ကြေကွဲသောအသံများ ထွက်လာသည်။
“မောင် ယဉ်မေ့ကိုထားခဲ့ပြီလားမောင်ရဲ့၊ ယဉ်မေ့ကို သားလူမမယ်ကလေးနှစ်ယောက်နဲ့ ထားရက်ခဲ့သလားမောင်ရဲ့၊ အီး ဟီး ဟီး၊ ယဉ်မေတို့မိသားစုမောင့်ကိုပဲ မှီခိုနေမှန်း သိရဲ့သားနဲ့ ထားခဲ့ရက်သလားမောင်ရဲ့၊ သားနဲ့ သမီးလေးတို့ကို ယဉ်မေဘယ်လို ပြုစုပျိုးထောင်ပေးရမှာလဲမောင်ရဲ့ အီး ဟီး ဟီး…. တစ်ခုခုပြန်ပြောပါဦးမောင်ရဲ့ အီး ဟီး ဟီး…”
ကိုမင်းလကတော့ ငြိမ်သက်နေသည်။ အနီးအနားတွင် ဆေးလုံးအချို့ ပြန့်ကျဲလျှက်ရှိသည်။
Xxxxxxxxxxxxxxxxx
နှလုံးသားရှိသူတိုင်း ခံစားတတ်ပါစေ။
d@vid
ပြီးပါပြီ။
12:14 PM
20/7/2015
