အရပ်ပုပု စကားပြော ချိုသာသည့် ပါကစ္စတန်လူမျိုး ဆေးဘက်အကူဝန်ထမ်း မူဟာမက်အီဂျက်ဇ်သည် အွန်လိုင်းပေါ်တွင် တွေ့ဆုံခဲ့သော လိင်တူချင်း ဆက်ဆံသည့် ယောက်ျားများကို စတင်၍ သတ်ဖြတ်ချိန်အထိ မိဘဆွေမျိုးများ မသိအောင် သိုသိပ်စွာ နေနိုင်ခဲ့သည်။ အသက် ၂၈ နှစ်အရွယ် ကလေးနှစ်ယောက် ဖခင်သည် လူသုံးယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖမ်းဆီးခံခဲ့ရသည်။ လိင်တူချင်း ဆက်ဆံသည့် စက်ဆုပ်ဖွယ် ဖြစ်ရပ်များအကြောင်း လူအများ သိစေချင်သည့်အတွက် ယင်းသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း ၎င်းဖြတ်ခဲ့သူများနှင့် လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သည်ဟု ရဲအဖွဲ့က ပြောသည်။
နိုင်ငံအရှေ့ပိုင်း မြို့တော် လာဟိုရှိ လိင်တူဆက်ဆံသူများ၏ လျှို့ဝှက်အဖွဲ့ကြားတွင် ယင်းလူသတ်မှုမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စ ဖြစ်နေပြီး လိင်တူချင်း ဆက်ဆံမှုကို ပြစ်တင်ရှုံ့ချစရာအဖြစ် ယူဆထားသော ရှေးရိုးစွဲ အစ္စလာမ်ဘာသာဝင်တို့၏ အသိုင်းအဝိုင်းတွင် အီဂျက်ဇ်ကို သူရဲကောင်းအဖြစ် ယူဆသွားမည်ကိုလည်း စိုးရိမ်နေကြသည်။ ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမဆက်ဆံခြင်းသည် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်သည့် အမှု ဖြစ်သည်။ ဧပြီ ၂၇ ရက်နေ့ညက ထောင်တွင်း၌ အေအက်ဖ်ပီက မေးမြန်းရာတွင် မုတ်ဆိတ်မွှေးကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသော လက်ထိပ်တန်းလန်းနှင့် အီဂျက်ဇ်က ၎င်း၏ အပြစ်အတွက် နောင်တရကြောင်း ထွက်ဆိုခဲ့သော်လည်း ယင်းသို့ အပြစ်များ လုပ်နေကြသည်ကို ရပ်တန်းကရပ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။ "ကျွန်တော့် လုပ်ရပ်တွေက မှားနေတာ မှန်ပါတယ်။ သေဆုံးသူရဲ့ မိသားစုတွေမှာလည်း သူတို့ရဲ့ သွေးသားတွေ ဆုံးရှုံးရတဲ့အတွက် ပူဆွေးသောက ရောက်နေကြရတယ်။ ဒါပေမဲ့ သူတို့တွေက လူမှုအသိုင်းအဝိုင်းမှာ မကောင်းတဲ့ လုပ်ရပ်တွေ ဖြန့်ဖြူးနေတာကိုတော့ ကျွန်တော့်အနေနဲ့ တားမြစ်ရမှာပဲ။ ဒီလို ယုတ်ညံ့တဲ့ အကျင့်တွေ သူတို့တွေ မလုပ်ဖြစ်အောင် ကျွန်တော်က သတိပေးချင်တာ" ဟု ဧပြီ ၂၈ ရက်တွင် တရားရင်ဆိုင်ရမည်ဖြစ်သော အီဂျက်ဇ်က ပြောသည်။
လူသတ်မှုများသည် မတ်လနှင့် ဧပြီလများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်စစ်ဆေးမှုကို ဦးဆောင်သော ရဲအရာရှိ အာဆက်ဆာဖရက်က ပြောသည်။ အသတ်ခံရသူများမှာ သတ်လတ်ပိုင်းအရွယ် စစ်တပ်မှ ဗိုလ်မှူးတစ်ဦးနှင့် အခြားနှစ်ယောက်မှာ အသက် ၂၀ နှင့် ၃၀ ကြား အရွယ်များ ဖြစ်သည်။ သေဆုံးသူ သုံးဦးမှာ စိတ်ငြိမ်ဆေးကျွေးပြီး လည်ပင်းကို လှီးခံထားရခြင်း ဖြစ်သည်။ သေဆုံးသူများ၏ ဖုန်းခေါ်ဆိုမှုကို စစ်ဆေးပြီးနောက် အီဂျက်ဇ်၏ ဖုန်းနံပါတ်များ ဖြစ်သည်ကို ရဲအဖွဲ့က တွေ့ရှိခဲ့ပြီး ၎င်းကို ဖမ်းမိခဲ့သော ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ဆုံပွဲသို့ တက်ရောက်ရန် ၎င်းကို ဆွဲဆောင်နိုင်မည့် အချစ်တော်အဖြစ် အသုံးချခဲ့သော ၎င်း၏ အဆက်ဟောင်း တစ်ဦးကိုလည်း ရဲအဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ဖခင် ဖြစ်သည့် အီဂျက်ဇ်က မိသားစုမှာ ၎င်း၏လုပ်ရပ်များကို တစ်ခုမျှ မသိကြောင်း ၎င်းကိုယ်တိုင်သည်လည်း လိင်တူ ဆက်ဆံသူ မဟုတ်ကြောင်းကို ပြောကြားခဲ့သည်။ အီဂျက်ဇ်က ၎င်းသည် အသက် ၁၀ နှစ်ခန့် အရွယ်တွင် ၎င်းထက်ကြီးသည့် ယောက်ျားလေး တစ်ဦး၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ခံခဲ့ရပြီးနောက် ကလေးဘဝတွင် ပြင်းထန်သည့် စိတ်ဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။
သဲသဲထွေး
Ref: AFP

