ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

အလုပ်သင် ဆရာဝန် အဖြစ် အင်းစိန်ဆေးရုံတွင်  House Surgeon ဆင်းပြီး ဆယ်ရက် တိတိပြည့်သောနေ့ ။ မနက်စာလား ၊ နေ့လည်စာလား ပြောမပြတတ်သော meal တစ်ခု အပြီး အချိန်ပို ဆယ့်ငါးမိနစ် အတွင်းမှာ သူမထံသို့ သူ ရောက်လာပါသည် ။ အခြေအနေ တင်းမာလာပြီဆိုတာ အဲဒီနေ့ကမှ သေချာသွားတာ ဖြစ်သည် ။
“  မနေ့က ဘယ်သွားတာလဲ ”
သူမ မေးတော့ သူ့ပုံစံက အေးတိအေးစက် ။
” အလုပ်ကိစ္စပါ ”
” သော်နေဇင် နဲ့ တူတူ သွားတာ မဟုတ်လား မောင် ” သူခေါင်းညိတ်သည် ။
သူမ သည် ပတ်ဝန်းကျင် အခြေအနေကို ဟိုလှည့် ဒီလှည့် ကြည့်ပြီး သူ့လက်ကို ဆတ်ခနဲ ဆွဲကာ ကားပါကင်ဘေးသို့ ခေါ်လာခဲ့သည် ။ ဂျူတီကုတ်တောင် မချွတ်ခဲ့ရပါ ။ အိတ်ထဲမှာလည်း နားကြပ်ထည်ထားတာ တန်းလန်းကြီး ။
” ဒီလောက်တောင် တစ်တွဲတွဲ ဖြစ်နေလည်း သော်ဇင် နဲ့ပဲ ယူလိုက်ကြပါလား၊ ဘာဖြစ်လို့ ကျွန်မကို ချစ်သူ အဖြစ်ရွေးခဲ့တာလဲ။ မောင် တို့ တော်တော် တရားလွန်နေပြီ ။ ကျွန်မ သည်းမခံ နိုင်တော့ဘူး ”
” ဟာ . . မင်း ဘယ်လိုပြောလိုက်တာလဲ ဖြူ ၊ မင်းကို ကိုယ်ပုံမှန် လာမတွေ့လား ၊ ကိုယ့်ဘက်က ချစ်သူတစ်ယောက်ရဲ့ ၀တ္တရား ပျက်ကွက်ခဲ့လို့လားကွာ ”
” ဒါနဲ့ ကျွန်မ နဲ့ သော်နေဇင်နဲ့ ယှဉ်လာရင် ကျွန်မကို အမြဲတမ်း ချန်ထား ခဲ့တာ ဘာသဘောလဲ မောင် ၊ ချစ်သူထက် သူငယ်ချင်းက ပိုအရေးကြီး သလား ၊ ပတ်ဝန်းကျင်ကလည်း ပြောနေကြပြီ ၊ သော်နေဇင်သာ မိန်းကလေး ဆိုရင် မောင့်ချစ်သူ ဟာ သူပဲ ဖြစ်မှာပဲ တဲ့ ”
” တောက် . . . အဓိပ္ပါယ်မရှိတာတွေ လာစွပ်စွဲနေပြန်ပြီကွာ ၊ ဘာကိစ္စ ဒီလောက် အပြစ်ရှာနေရ တာလဲ ဖြူ ။ သော်ဇင် နဲ့ ကိုယ်နဲ့က မင်းနဲ့ ချစ်သူ မဖြစ်ခင် ကတည်းက ညီ အကို သူငယ်ချင်းကွ ”
” အေး .. အဲဒါဆို ကျွန်မဆီ လာမတွေ့နဲ့တော့ ။ ကျွန်မ အချိန်တွေလည်း ရှင့်ကို ဖဲ့မပေးနိုင် တော့ဘူး ။ ရှင်ပြန်တော့ မောင် ”
သူမ မျက်ဝန်းထဲမှ မျက်ရည်တွေ လိမ့်ဆင်းလာသည် ။
ဘုရား … သူတကယ်ပဲ ချစ်သူထက် သူငယ်ချင်းကို ဦးစားပေးပါလား ။ ဘယ်သူမဆို ချစ်သူရဲ့ အယုအယ ၊ အချော့ အမြှူလေး တွေကို ခံချင်ကြ တာပဲ ။ ဒါပေမဲ့ မောင်ဟာ . . ဘယ်လိုကြီးပါ လိမ့် ။
” မင်း ဘာဖြစ်နေတာလဲ ဖြူ ” သူမ ရဲ့ ပုခုံးကို လာကိုင်သည် ။ ခါထုတ် ပစ်လိုက်မိ၏ ။
” ရှင် နဲ့ ကျွန်မ ပြတ်ရင်ပြတ် ၊ မဟုတ်ရင် သော်ဇင် နဲ့ ရှင် ပြတ်အောင် ကျွန်မ လုပ်ရလိမ့်မယ် ”
” ဖြူ ”
” ဟုတ်တယ်၊ ကျွန်မ လုပ်ကို လုပ်ရတော့မယ် ”
“  မင်းရူးနေပြီလား ဖြူ ”
” ကျွန်မရဲ့ သံသယတွေ တကယ်မှန်နေပြီပဲ ”
” ဘာတွေလဲ ”
” ရှင် ပြန်တော့ မောင် ၊ ကျွန်မ ဆေးရုံ ပြန်ဝင်ရတော့မယ် ”
သူမရဲ့ ပြတ်သားသော စကားကို အတွန့်မတက်ဘဲ စုတ်တစ်ချက်သပ်ကာ သူကားထဲ ၀င်သွားသည် ။ သူမကို နားမလည် နိုင်တဲ့ အကြည့် စိမ်းစိမ်းတွေနဲ့ ။ သူကားစက် နိုးမည် အပြု ၊ သူမက ခဏဆိုတဲ့ သဘောနဲ့ လက်ကာပြလိုက်သည် ။
” Homosexual ဆိုတာ တကယ်ရှိတာပဲ နော် .. မောင် ”
အဲလိုပြောပြီး လှည့်ထွက်လာခဲ့သည် ။ သူစိတ်တို ကျန်ရစ်ခဲ့မည်ဆိုတာ ပြောစရာ မလိုတော့ ။

*         *          *         *          *

“မဖြစ်နိုင်ပါဘူး”
ဖြိုးသဇင်ကစတင်သုံးသပ်သည်။    သူမ အတွက်တော့ ဖြစ်နိုင်ချေ အများကြီး ၊ ယုံနိုင်စရာ သံသယတွေ အများကြီးရှိပါသည် ။
“ယောင်္ကျား အချင်းချင်း ခုံမင်တယ်လို့ ပြောရလောက်အောင် နင့်ချစ်သူက မိန်းမလျာ မဟုတ် သလို ၊ ဟိုတစ်ယောက်ကလည်း ယောင်္ကျား ရင့်မာ ကြီးပဲ ။ ဘ့ယ်လိုဖြစ်နိုင်ပါ့မလဲ”
” ကမ္ဘာကျော် ဟောလိဝုတ် စတား မင်းသမီး အင်ဂျလီနာဂျိုလီ ဟာ  ပထမဦးဆုံး ဂျပန် မင်းသမီး တစ်ယောက်နဲ့ Homosexual( lesbian) ဖြစ်ခဲ့တာကရော သူတို့ နှစ်ယောက်လုံး ယောင်္ကျားလျာ မဟုတ်ကြဘူးလေ “ 

သူမရဲ့ အကြောင်းပြချက် ကို ဘေးနားမှာ ထိုင်နေသော ချမ်းမြေ့ ကလည်း သဘောတူသည် ။
” ငါတို့ ဆေးပညာအရ ခန္ဓာကိုယ်မှာ ယောင်္ကျားဖြစ်နေပေမယ့် ကိုယ်တွင်း (Oestrogen) ဟော်မုန်းဓာတ် များလွန်းနေရင်လည်း ဖြစ်တတ်ပါတယ် ။ ဒါပေမယ့် သေချာ မသေချာ ဆိုတာ နင့်ရဲ့ သံသယတွေ နားထောင် ကြည့်မယ်လေ ”
သူငယ်ချင်းတွေ ကို ရှက်မိပါသည် ။
သူမတစ်သက်မှာ မောင် တစ်ယောက်ကိုပဲချစ်ခဲ့မိတာပါ။
ဘာဖြစ်လို့များ ကြမ္မာဆိုး ၀င်ရာတာလဲ မောင်ရယ် ။
နာကြည်းချက်တွေနဲ့ တိုးလျလျ ပြုံးရယ် မိကာ မောင့် အပေါ် သူမရဲ့ သံသယအမှန်တွေ ကို ပြောပြဖြစ်သည် ။ အတူတူ အလုပ်သင်ဆင်း နေတဲ့ ဒီသူငယ်ချင်းတွေသာ အားကိုးစရာ ရှိတာလေ။
” ငါ့ ပထမဆုံး သတိထားမိတာက သူတို့ရဲ့ အမူအရာပဲ ၊ မောင် နဲ့ သော်ဇင် တွေ့တိုင်း မောင် ဟာ ငါ့ဘေးနားကနေ ထပြီး သူ့နားကို သွားထိုင်တတ်တယ် ။ သူတို့ နှစ်ယောက် စကားပြောတဲ့ အခါတိုင်း မောင်က သော်ဇင် ရဲ့ လက်ခုံ ကို ဖွဖွလေး ကိုင်ပြီး ပြုံးပြုံး ရယ်ရယ် နဲ့ ပြောတတ်တယ် ”
သူငယ်ချင်းတွေ စိတ်ဝင်စားစ ပြုလာသည် ။
” သာမန် လိင်တူ သူငယ်ချင်းတွေ က အဲ့လို လုပ်ပါ့မလား ဟင် ၊ ဒုတိယ အချက်က မောင် ဟာ ငါ့ရဲ့ ရှားရှားပါးပါး အားလပ်ချိန် အတွင်းမှာတောင်မှ သော်နေဇင် ဖုန်းဆက်ခေါ်ရင် ငါ့ကို ပစ်ထားပြီး သွားတွေ့တယ် ၊ တတိယ အချက် … မောင် စကားပြောတဲ့ အခါ သော်နေဇင် အကြောင်း မပါဘဲ မနေဘူး ။ သူဘယ်လောက်အထိ မောင့် အပေါ် ခင်မင်တယ်ဆိုတာ အမြဲတမ်း ပြောတယ် ၊ စတုတ္ထ .. ငါ ကြည့်ချင်လွန်းလို့ ပူဆာတဲ့ ရုပ်ရှင်ကားကို ငါ နဲ့ တူတူမကြည့်ဘဲ ငါမသိခင် သော်နေဇင် နဲ့ သွားကြည့်တယ်လေ ။ နောက်ဆုံး တစ်ချက်က ပြောရမှာတောင် ရှက်ဖို့ ကောင်းတယ် ။ ဒါပေမယ့် ငါ့ရင်ထဲမှာ ပူလောင်လွန်းလို့ နင်တို့ကို ပြောပြရစေဟာ ” ဆေးရုံ အတွင်း တိတ်နေသည် ။
သူမ စကားသံ တိုးတိုး ထွက်လာပြန်သည် ။
” မောင် ဟာ သော်နေဇင် နဲ့ အတူတူ တစ်ပတ် တစ်ခါ အိပ်ကြတယ် ”
” ဟင် ”
အားလုံး ပါးစပ် အဟောင်းသား ။
” မောင့် အိမ်မှာ ပဲ ဖြစ်ဖြစ် ၊ သော်နေဇင် အိမ်မှာပဲ ဖြစ်ဖြစ်ပေါ့ဟာ  ၊ တစ်လောတုန်းကတောင် မောင့် ရဲ့ ညီမလေး ငါ့ကို ပြောတယ် ။သူတို့ အိပ်ရင် တိုးတိုးတိုးတိုးနဲ့ ညလုံးပေါက်နီးပါး စကားတွေ ထိုင်ပြောတာတဲ့။ အိပ်ရာ ထဲမှာလည်း တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြိး အိပ်တာတဲ့လေ .. ”
ပြောရင်းနဲ့ သူမ မျက်ဝန်းအိမ်မှ မျက်ရည်တွေ ကျလာပြန်သည် ။
” ပြောပါဦး ၊ ငါ့ သံသယတွေ မှန် မမှန်ဆိုတာ သိရဖို့ ငါတို့ သိသလောက် Homosexual အကြောင်း ဆွေးနွေးကြည့်ရအောင် ။ သီတာ .. နင်အရင် စပြော ”
သူငယ်ချင်း ငါးယောက် ၊

” သော်နေဇင်ရော ၊ နင့်လူ ဖြိုးဝေလျှံ ရော .. ချမ်းမြေ့ ပြောသလို ယောင်္ကျား ဟော်မုန်းဓာတ် (testosterone) နည်းနေလို့ ယောင်္ကျားစစ်စစ် ဖြစ်နေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မထင်မှတ်တဲ့ အတွေ့အထိလေးကြောင့် မက်မော နေတာထင်တယ် ”
” ဟော်မုန်းဓာတ် မပြောင်းလဲပေမယ့် လိင်တူ မျိုးကွဲ မခွဲခြားတတ်တဲ့ ဘယ်အထိအတွေ့ မဆို ဆက်ဆံချင်တဲ့ လူ တစ်ချို့ရှိတယ် ။ အဲဒါမျိုး ဖြစ်နိုင်တယ် ”
” လိင်ကွဲထက် လိင်တူ ကို ပို မက်မော တဲ့လူ ဖြစ်နိုင်မလား ။ ဒါမှ မဟုတ် တဏှာကာမ တစ်ခုခုမှာ ပြီး ခံစားခဲ့ရလို့လား ၊ အဲလိုမျိုးတွေ့ရင်တော့ သူတို့ နှစ်ယောက်လုံး ဘ၀ ရှုံးပြီပဲ ”
” Generation နဲ့တော့ မဆိုင်ဘူး ထင်တယ် ။ ဒါပေမယ့် ငယ်စဉ်က မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတာတို့၊ pressure တွေများတာတို့ အဲလို မိဘတွေ ဖြစ်တဲ့ လိင်ကွဲကို ကြောက်ပြီး လိင်တူကို စိတ်ဝင်စားတာမျိုး ကြားဖူးတယ် ။ အဲဒါ မှန်မမှန် ငါလည်း သေချာ မသိသေးဘူး ”
အားလုံးက ထင်ကြေး အမျိုးမျိုး ပေးနေကြသည် ။
” ငါ ဘာဆက်လုပ်ရမလဲ ဟင် ”
” စိတ်ကို အေးအေးထား ဖြူပြာ ၊ အကြောင်းရင်း ကို ရှာဖို့ ငါတာဝန် ယူတယ်ဟာ .. သော်နေဇင် တို့ အိမ်က family doctor ဟာ ငါ့ ဦးလေး ပဲ ။ ငါကတော့ ဒီကိစ္စအကြောင်းတစ်ခုခု ရှိမယ်လို့ ထင်တယ် ။ Homosexual တော့ မဖြစ်နိုင်ဘူး ”
” ငါ ကတော့ မထင်ဘူး ။”

“အကြောင်း တစ်ခုခု ရှိကို ရှိရမယ် ၊ နင်တို့ နဲ့ လောင်းဖို့ အကြောင်း ခိုင်ခိုင် လုံလုံ မရှိသေးဘူး ”
သူမကတော့ မောင် ဟာ ဘယ်လို လူမျိုးလဲ လို့ ဆန်းစစ်နေမိသည် ။ မောင်ရယ် …

*        *        *        *        *
ဖြိုးသဇင်သာ သူမတို့ လေးယောက်နဲ့ (ပြေချမ်းမြေ့ ၊ မောင်မောင်ဖြူ ၊ မေသီတာ နှင့် ဖြူပြာ ) လောင်းကြေးထပ်ခဲ့ပါက အရှုံးကြီး ရှုံးလိမ့်မယ် ဆိုတာ အဲဒီနေ့ကမှ သေချာ ခဲ့လေသည် ။
သူမတို့ အားလုံးဆုံပြီး အားလပ်ရက်က မောင့် ကို လိုက်ချောင်းတဲ့ နေ့ပေါ့ ။
သူငယ်ချင်းငါးယောက် ၊ ကားတစ်စီးပေါ်တက်ကာ မောင် သွားရာနောက် တိတ်တိတ်လေး လိုက်ခဲ့ကြသည် ။
မောင် သွားတဲ့ နေရာက အင်းယားကန်ပေါင် မှာ ။
သော်နေဇင် က အဲ့ဒီမှာ အသင့်စောင့်နေတယ်လေ ။ နှစ်ယောက်သားလေး တွေ့ရော စကား တိုးတိုးတိုးတိုး ပြောကြ ၊ ခဏကြာတော့ မောင်က သော်နေဇင်ကို ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ထားလိုက်လေတော့တယ် ။
” တောက် ”
သူမ ဘယ်လိုခံစားရမလဲ ။ ရှက်လည်းရှက် ၊ ဒေါသလည်း ထွက်တာကြောင့် ရှိုက်ကြီး တငင် ငိုမိလေသည် ။ မောင် ဟာ သူမက လွဲပြီး တခြားမိန်းကလေးကို ဖောက်ပြားတယ်ထားဦး ၊ အဲ့ဒါ သဘာဝဆန်သည် ။ အခုတော့ သဘာဝ လွန်ကဲနေပြီ ။
” နင်ယုံပြီလား ဖြိုးသဇင် ”
” ငါ မယုံနိုင်လောက် အောင် ပါပဲဟာ ”
” နင် ဘာဆက်လုပ်မလဲ ဖြူပြာ ”
” မောင် ငါ့ကို ဘာလို့ ချစ်ရေးဆိုတာလဲ စဉ်းစားလို့မရဘူး ။
သူ့ကို စွန့်လွှတ်လိုက်ရင် ကောင်းမလား ဟင် ” သူမ မောင့် ကို ချစ်သည် ။ ဒါပေမယ့် . . . ။
” နင် ပြတ်သား နိုင်ရမယ် ဖြူပြာ ”
” မနက်ဖြန် သူ ငါ့ဆီလာမှာ မဟုတ်ဘူးဟ ၊ သူ အလုပ်ကိစ္စ ရှိတယ်တဲ့ ။ ဒါပေမယ့် ငါသူနဲ့ မနက်ဖြန် တွေ့မှ ဖြစ်မယ် ”
” မနက်ဖြန် ဟုတ်လား ”
” အေး .. မနက်ဖြန် ”
*        *        *        *        *
” မင်းဟာ ဆရာဝန် တစ်ယောက်ဆိုတာ ကိုယ်သိပါတယ် ဖြူ ၊ ဒါပေမယ့် မင်းထင်တာ တွေကို ဆေးပညာမျက်လုံး နဲ့ မကြည့်နဲ့ကွ ၊ ကြားလို့မှ မကောင်း .. ရှက်စရာ ကောင်းလိုက်တာ ဖြူ ရာ ၊ မင်း သံသယတွေ အမှားကြီးကွ”
” ဒါဆို ခိုင်လုံတဲ့ အကြောင်းပြချက် ကျွန်မကို ပေးလေ ”
” မင်း ကိုယ့်ကို မယုံဖူးလား ဖြူ ၊ ရှင်းပြစရာ အကြောင်း လုံးဝမရှိတဲ့ အတွက် ကို ရှုင်း မပြနိုင်ဘူး ကွာ၊ Homosexual တဲ့ .. ဟင့်အင်း ၊ မင်းရဲ့ သံသယဟာ နားမလည်နိုင်အောင် ပြင်းရှလွန်းတယ် ဖြူ ရာ ”
သူမရဲ့ နေ့လည်စာ အပြီး ခဏနားချိန်သူ့ကို ဖုန်းဆက်ခေါ်လိုက်တာဖြစ်သည် ။  သူ လုံးဝ မအားတဲ့ ကြားက လာတာတဲ့ ။ သူ ဂရုမစိုက်နိုင်ပါ ။ ဒီကိစ္စကို ရှင်းရမည် ။ အခု.. သူမဘေးမှာ သူငယ်ချင်း အားလုံးရှိသည့် အပြင် တခြား House surgeon အဖွဲ့တွေရော ။
” ဒီမှာ ရှိတဲ့ လူတွေအားလုံးကို မေးကြည့် မောင် ၊ မောင် တို့ကို နားလည်ပေးနိုင်မယ့်သူ ဘယ်နှစ်ယောက်ရှိမလဲ ” ” ကျွတ် .. ခက်တယ် ဖြူ ရယ် ၊ ကိုယ် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး ။ ကဲ .. ကဲ နောက်မှ ဆွေးနွေးမယ် ၊ ကိုယ် အခု လေယာဉ်ကွင်း သွားစရာရှိတယ် ၊ သွားတော့မယ် ”
” သော်နေဇင် နဲ့ပဲ မှတ်လား ”
မောင် ဘာမှ မတုံ့ပြန် ၊ ဟုတ်နေပါပြီ ။ လုံးဝကို သေချာနေပြီ ။
” ဖြေလေ မောင် ” ” ဟုတ်တယ် ၊ ကိုယ် သော်နေဇင် ကို လိုက်ပို့မှာ ၊ ဒီကောင်စလုံးမှာ နှစ်လ သွားနေမယ် ”
” သြော် .. လုံးဝ မအားဘူး ဆိုတာ သော်နေဇင် ကို လိုက်ပို့မှာ မို့လို့ပေါ့လေ ။ မသွားရဘူး မောင် .. ရှင် လုံးဝ မသွားရဘူး ”
” ဘာလို့ ဒီလောက်တောင် အတ္တကြီးပြီး ကလေးအတွေးဖြစ်နေရတာလဲ ဖြူ ၊ စိတ်ကောက်ရင်လည်း နောက်မှပဲ ချော့တော့မယ်ကွာ ၊ ကိုယ်တကယ် သွားရတော့မယ် ”
” မောင် .. ရှင် သွားရဲရင် သွားကြည့် ၊ ကျွန်မ နဲ့ အပြတ်ပဲ ”
” ကဲ.. ဖြူ အချိန်မရှိတော့ဘူး … နောက်မှ ပဲ ချော့တော့မယ် ”
သူမ ရင်ထဲ တလှပ်လှပ်ဖြစ်အောင် ဒေါသထွက်မိသွားသည် ။ တစ်ပြိုင်ထဲမှာပဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်မိသည် ။ သူရဲ့မာနတွေ အပွန်းအပဲ့ မခံနိုင် ၊ သူငယ်ချင်းတွေ အများကြီးရှေ့မှာ အရှက်မကွဲချင်ပါ ။
” သွားလေ ၊ ရှင် သွားပြီးတဲ့ နောက်ပိုင်း ကျွန်မတို့ လက်ထပ်မဲ့ကိစ္စ လုံးဝပျက်ပြီသာမှတ် ”
” ဖြူ .. ကိုယ် တောင်းပန်ပါတယ်ကွာ ၊ လိုက်ပို့ပြီးရင် ချက်ချင်း ပြန်လာခဲ့ပါမယ်ကွာ .. နော် “      သူထွက်သွားသည် ။ သူမ ရှက်လည်းရှက် ၊ ဒေါသလည်း ထွက်မိသည် ။ သေချာပါသည် ။ သူမရဲ့ ဆုံးဖြတ်ချက်ဟာ တဒင်္ဂတော့ လုံးဝ မဟုတ် ။ မောင့် အတွက်တစ်သက်စာ ဆိုတာ သေချာပြီ ။
×       ×       ×       ×       ×
စာအိတ် အဖုံးလေးပေါ် သူ့ နာမည်ရေးထားသော ဖိတ်စာ ကလေးကို ဖောက်ဖွင့်ကြည့်ပါက ဒေါက်တာ ဖြူပြာ ရဲ့ မင်္ဂလာ ဖိတ်စာမှန်း သူကြိုသိလိုက်ပါပြီ ။
” ကျွန်တော် တောင်းပန်တာ ၊ ရှင်းပြတာတွေကို သူဘာလို့ ရှောင်ဖယ်ပြီး နားမထောင်ခဲ့ တာလဲ ဟင် ၊ သူ့စိတ်က ဒီလောက်တောင် တင်းမာတာ အံသြမိပါတယ် ”
သူတိုးတိုးလေး ရေရွတ်လိုက်သည် ။
” ရှင်းပြဖို့ အခွင့် အရေး ပေးတုန်းက ရှင်ဘာလို့ ရှင်းမပြခဲ့တာလဲကို ဖြိုး ၊ အခုတော့ အားလုံး ပျက်သုဉ်းခဲ့ ပြီပေါ့ ”
ဖိတ်စာလာပေးသူမှာ ဖြူပြာ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြိုးသဇင် ဖြစ်သည် ။ သူ ဘာလုပ် သင့် သလဲ ။
” ကျွန်တော့် သိက္ခာကို ပွန်းပဲ့စေတဲ့ သံသယမျိုး သူထားခဲ့တယ် မသဇင် ၊ သူ့သံသယဟာ ကျွန်တော်ရှင်းပြလို့ နားလည်စရာ မဟုတ်ဘူးဗျ ။ ဖြူ ဟာ တစ်စုံတစ်ရာကို ယုံကြည်ဖို့ သိပ်ခေါင်းမာတယ် ”
” ဘယ်လိုကြီးလဲ ”
” ကျွန်တော်နဲ့ သော်နေဇင် ရဲ့ သံယောဇဉ် ဟာ သိပ်ဖြူစင် သန့်ရှင်းတဲ့ အရမ်း ချစ်စရာကောင်းတဲ့ ညီအစ်ကို မေတ္တာမျိုးပါ ။ ဖြူ့ လို ထက်မြက်ပြတ်သားတဲ့ မိန်းကလေး တစ်ယောက် နားလည်မှာ မဟုတ်ပါဘူးဗျာ ။ ပထမတော့ သူ ကျွန်တော့်ကို နားလည်နိုင်မယ် ထင်လို့ ရှင်းမပြခဲ့တာပါ ။ သူ့ဘက်က တင်းမာလာတော့ ကျွန်တော်ရှင်းပြမယ်လို့ ဆုံးဖြတ်တဲ့ အချိန်လည်း ကျရော သူက လက်မခံတော့ဘူး ။ အင်း … ကျွန်တော့် အကြောင်းပြချက်တွေကို သူ ကိုယ်ချင်းစာချင်မှာ မဟုတ်ပါဘူးလေ ”
သူအသံတွေက စိတ်ပျော့ အားငယ်စွာ ။
” ကျွန်မ နားလည်တယ် ကိုဖြိုး ၊ ရှင်တို့မှာ အကြောင်းတစ်ခု ရှိရမယ်ဆိုတာ အစောကြီး ကတည်းက ကျွန်မ တွေးမိပါတယ် ။ အဲဒီ အကြောင်းအရာဟာ ဘာလဲ ဆိုတာ မသိပေမယ့် သိမ်မွေ့ နက်နဲမယ် ဆိုတာ ရိပ်မိပါတယ် ။ ကျွန်မ .. သိခွင့် မရှိဘူးလား ဟင် ”
” ကျွန်တော် ပြာပြချင်ပါတယ်ဗျာ ။ အခု အချိန်မှာ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်တယ် ”                    ဖြိုးသဇင်သည် သူ့မျက်နှာကို ငေးကြည့်ကာ သနားဂရုဏာ သက်ဝင်မိသည် ။ သူ ဘယ်လောက် ခံစားနေရမလဲ နော် ။ သူ့ဘ၀မှာ ခင်တွယ်စရာ သူငယ်ချင်းရော ၊ ချစ်သူပါ ခုချိန်မှာ မရှိကြဘူးလေ ။
” Psychology အကြောင်း မသဇင် ဘယ်ောလက်သိထားလဲ ဟင် ”
” အင်း.. ကျွန်မတို့ ဆေးပညာနဲ့ ပတ်သက်ပြီးတော့ စာအုပ်တွေမှာ နည်းနည်း ပါးပါး တီးမိ ခေါက်မိ ရှိပါတယ် ။ ဒါပေမဲ့ ကိုဖြိုးက စိတ်ပညာနဲ့ Ph.D ဘွဲ့ ရထားတာ ဆိုတော့ ကျွန်မတို့ထက် သိမှာပေါ့ ”
” Stress အရမ်းများရင် စိတ်ကျန်းမာရေး ထိခိုက်နိုင်ခြေရှိတယ်ဆိုတာ မသဇင် သိပါတယ်နော် ”

” ဟုတ်ကဲ့ သိပါတယ် “
×       ×       ×       ×       ×
” သော်နေဇင် ”
ဒယ်ဒီရဲ့ ခေါ်သံဟာ တင်းမာပြတ်သားလှစွာ သူ့နားထဲ ၀င်ရောက်လာခဲ့ပြီ ။
ငယ်ငယ်ကတည်းက ဒယ်ဒီရဲ့ စည်းကမ်းတွေ ၊ သြ၀ါဒတွေကို လိုက်နာ ကြောက်ရွံခဲ့ရတာ အခုချိန် ကတော့ အထွဋ် အထိပ် ပဲလား မသိ ။
” ဆယ်တန်းကို ဆယ်နှစ်ဖြေမယ်ပေါ့လေ ။… ကဲကွာ ”
လက်သီး သုံးလေးချက်ဆင့်ကြောင့် သူ ပက်လက်လန် လဲကျသွားသည် ။ မာမီလာဆွဲ၏ ။
” ကလေးကို ချည်း ရိုက်မနေနဲ့ ၊ ရှင်ကရော သေချာထိန်းကွပ် ခဲ့လို့လား ၊ ရှင့် သား အသုံးမကျတာ ရှင် နဲ့ တူလို့လေ ၊ အပြောတစ်မျိုး ၊ အလုပ်တစ်မျိုး သား ၊ ဒီနှစ် အောင်စေရမယ် လို့ ရှင်ပြောခဲ့တယ်လေ ၊ ရှင်သေချာ Guide လုပ်ပေးမယ်ဆို ”

” ဟ.. ငါအားလို့လား ၊ မင်းတို့ မျိုဖို့ ဆို့ဖို့ ရှာနေရတယ်လေ “
” ကျွန်မတို့ ထက် ရှင့်ဟာ မတွေ အတွက်ဆို ပိုမမှန် နေဘူးလား ။ ကျွန်မ၀င်ငွေနဲ့ ဒီ တစ်အိမ်လုံး စားနေရတာလေ ၊ ရှင့် ၀င်ငွေ တစ်လ ဘယ်နှစ်ပြား ကျန်လို့လဲ ”
ပတ်ဝန်းကျင် အဖို့တော့ ဒီအသံတွေဟာ ရိုးအီနေလောက်ပေမယ့် သူ့အတွက်တော့ ဘယ်တော့မှ မရိုးလှပါ ။ တစ်နေ့တစ်မျိုး မရိုးရအောင် ခံစားနေရသော စိတ်ဆင်းရဲမှုတွေဟာ ရင်ထဲမှာ ပြည့်ကျပ်နေပြီ ။ မိန်းမပွေတတ်သည့် ဒယ်ဒီရဲ့ ပြသာနာတွေ ၊ ဒယ်ဒီရဲ့ လျစ်လျူရှုမှု ၊ ကစားဝိုင်းထဲ မှာပဲ အချိန်ကုန်တတ်သည့် မာမီ ရဲ့ အကျင့်တွေ ၊ သူ့ကို ကောင်းစေလိုသည့် ဆန္ဒနဲ့ ဂရုဏာဒေါသ နဲ့ အမြဲ ဆက်ဆံ တတ်သည့် မိဘတွေ ၊ အို… တစ်နေ့ တစ်နေ့ သူ့ ဒုက္ခတွေကို ဘယ်သူသိနိုင်မလဲ ။ ဒယ်ဒီက သူ့ကို ဆုံးမရင် အမြဲလက်ပါတတ်တာကြောင့် သူကြောက်ရသည် ။ မာမီကျတော့.. နားပေါက်မတတ် ဆူပူပြောဆိုတတ်တာကြောင့် မာမီ ဒေါသတွေကိုလည်း သူရင် မဆိုင်ရဲ ။ မိဘတွေမဆူအောင် သူနေပေမယ့် ဒယ်ဒီ ပြန်လာရင် မာမီနဲ့ ရန်ဖြစ်နေကျ ၊ ကုန်ကုန်ပြော ရရင် သူ့ဘ၀မှာ စိတ်ချမ်းသာမှုဆိုတာ ဟိုး အဝေးမှာပဲ ရှိမည် ။

ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေ ကြောင့်လည်း  သူစိတ်ညစ်ရပြန်သည် ။ သူ… ဒုက္ခတွေနဲ့ ကြုံလာတိုင်း ကြိတ်ငိုမိသည် ။ ဒါပေမယ့် ရင်ထဲမှာတော့ ပေါ့ပါးမသွား ။ သူ.. နှစ်နှစ်ဆက်တိုက် ဆယ်တန်းစာမေးပွဲကျပြီးနောက်ပိုင်း ကိုဖြိုး နှင့် သိကျွမ်းခဲ့သည် ။ ကိုဖြိုးဟာ သူ့ဘ၀ အတွက် သူ့ကို နားလည်ပေးနိုင်ဆုံး ၊ သူ့လိုအင်တွေကို ဖြည့်ဆည်းပေးနိုင်ဆုံး ဖြစ်သည် ။ ကိုဖြိုး ကို အစ်ကို အရင်း တစ်ယောက်လို သဘောထား ချစ်ခွင့် ရခဲ့သည် ။
” ညီလေးရယ် လူဆိုတာ အခက်အခဲ အတားအဆီးတွေ ကြုံရစမြဲပါ ။ ဒါတွေကို အားအဖြစ် မွေးမြူပြီး ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို လျှောက်ရမှာ အဓိကပဲကွ ”
ကိုဖြိုးရဲ့ စကားတွေဟာ သူ့အတွက် အားဖြစ်ခဲ့သည် ။ သူရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ကိုဖြိုးကို ရင်ဖွင့် ဖြစ်သည် ။ အကြံအဥာဏ်လေးတွေ တောင်းသည် ။ ကိုဖြိုးရဲ့ အားပေးမှုတွေ ကြားထဲမှာ သူစိတ်ချမ်းသာ ခဲ့သည် ။

တကယ်ပါ ။ သူအားတွေ ပြည့်လာသလို ခံစားရသည် ။ သူ့ဘ၀မှာ ဘယ်သူမှ နွေးနွေးဆက်ဆံ ခြင်း မရှိခဲ့ ။ ဒါပေမယ့် ကိုဖြိုးရဲ့ သူ့အပေါ် နားလည်မှု တွေက သူ့ကို နွေးထွေးစေခဲ့သည် ။ ဒါက အမှန် ။
စကားပြောရင် သူရဲ့ အစ်ကိုတစ်ယောက်လိုမျိုး ယုယခြင်း အပြည့်နဲ့ ချိုချိုသာသာ ပြောခဲ့တာတွေ ၊ အိပ်ရင် သူ့ကို ဖခင်ရဲ့ မေတ္တာလိုမျိုး ရင်ခွင် နွေးနွေးမှာ အိပ်စေခဲ့တာတွေ ၊ သူဝမ်းနည်းတဲ့ အချိန်တိုင်း ကိုဖြိုး ရင်ခွင်မှာ ရှိုက်ငိုခွင့် ရတာတွေ အများကြီးပါပဲ ။
ရပ်တန့်နေခဲ့သော သူ့ ဘ၀တွေ ကိုဖြိုးကြောင့် ဆက်လက်ရှင်သန်ခဲ့သည် ။ အားအင်တွေ ပြည့်နှက်ခဲ့သည် ။ အမျိုးတွေ ရှိရာ စင်ကာပူကို စိတ်ပြေလက်ပျောက် အလည်အပတ်သွား ချင်စိတ်တွေ ဖြစ်လာခဲ့သည် ။
ကိုဖြိုးဟာ သူ့ဘ၀ရဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ ကျေးဇူးရှင် .. အစ်ကို အရင်း တစ်ယောက်ပါ ။

×       ×       ×       ×       ×
” Stress တွေ အရမ်း များလို့ ဖြစ်တဲ့ စိတ်ရောဂါ အပျော့စားလို့ ကျွန်တော် ခန့်မှန်း နိုင်ခဲ့တယ် ။ ခံစားရတဲ့ အကြောင်းကို ရှာကြည့်တော့ Generation ကြောင့် လည်းမဟုတ် ၊ Accident ကြောင့်လည်းမဟုတ် ၊ Virus ပိုးတစ်မျိုးမျိုးကြောင့်လည်း ဟုတ်ပုံမရဘူး ။ စိတ်ဆင်းရဲမှုတွေ ခံစားရလွန်းလို့ ဖြစ်တာမှမ်း သိခဲ့ရတယ် ”
” ဒီအကြောင်းတွေကို ဖြူပြာ့ကို ဘာကြောင့် အစကတည်းက ရှင်းပြမထားခဲ့တာလဲ ဟင် ”
ဖြိုးသဇင် ရဲ့ အမေးကို သူသက်ပြင်း ခပ်တိုးတိုးချသည် ။
” ကျွန်တော့်ချစ်သူဟာ ကျွန်တော့် အပေါ် နားလည်နိုင်ဆုံးလူ ဖြစ်ရမယ်လို့ ယုံကြည်ထားလို့ပေါ့ဗျာ ။ ထားလိုက်ပါတော့ .. ဒါတွေ ပြီးခဲ့ပြီပဲ ”
” ဖြူပြာသာ သိရင်တော့ စိတ်မကောင်း ဖြစ်နေတော့မှာပဲ ကိုဖြိုးရယ် ”
” သူ့ကို လုံးဝ မပြောဖို့ ကတိပေးပါ မသဇင် ရယ် ” ဖိတ်စာလေးကို ကြေကွဲစွာ ကြည့်နေမိသည် ။
ဒါဟာ လှည့်ကွက် တစ်ခု ဖြစ်ရင် ကောင်းမှာပဲ ဖြူရယ် ၊ ဖြူ ကိုယ့် အပေါ် သစ္စာဖောက်ခဲ့တာပဲနော် ။ ရက်စက်လိုက်တာ ဖြူရယ် ။
” သော်နေဇင် စိတ်ကျရောဂါ ခံစားနေရမှန်း ဘယ်လို သိခဲ့တာလဲ ဟင် .. ကိုဖြိုး ”
” Internet ပေါ်မှာ သူရေးထားတဲ့ Blog ကို ဖတ်ရင်း သူ့စာသားတွေဟာ အကူအညီ တစ်စုံ တစ်ရာ လိုအပ်နေမှန်ူး သိခဲ့ရာက စခဲ့တာပါ ”
” တကယ်တော့ ကိုဖြိုး ဟာ မွန်မြတ် သန့်စင်တဲ့ အလုပ်ကို လုပ်ခဲ့တာပဲနော် ။ ကျွန်မ ချီးကျူး ဂူဏ်ယူမိပါတယ် ။ စိတ်ကျရောဂါ ဆိုတာ စိတ်နဲ့ပဲ ကုရတာမှန်း ကိုဖြိုး သဘောပေါက်ခဲ့ လို့ပေါ့နော် ” ” ဒါတွေ အားလုံး ပြီးဆုံး သွားပါပြီဗျာ ။ သော်နေဇင်လည်း သူ့ အနာဂတ် အတွက် အားအင်တွေ ပြည့်သွားခဲ့ ပြီလေ ။ သူ ဒီရောဂါ မခံစားရလောက်တော့ပါဘူး ။ သူ့မှာ ရင်ဖွင့် ရမယ့်သူ ကျွန်တော် ရှိနေပြီလေ ။ အင်း … လူတွေဟာ ကိုယ်ထင်ရာကို ဦးစားပေး သံသယ မျက်လုံးတွေနဲ့ ကြည့်တတ်ကြတာပဲနော် ” “သူထောက်ခံ မိပါသည် ။
” ကျွန်တော် .. . မင်္ဂလာပွဲကို ရောက်အောင် လာပါ့မယ် ”
ဖြိုးသဇင် ခေါင်းညိတ်သည် ။ သူ…ကြေကွဲစာ ရယ်မိသည် ။ သူ့ဘ၀မှာ မကြုံဖူးတဲ့ အတွေ့အကြုံ သစ်တစ်ခုပေါ့ ။ ဒါပေမယ့် ဒီ အဖြစ်အပျက်ဟာ သူ့နှလုံးသား နဲ့ ရင်းလိုက်ရတာပါ ။
                                                                               …………………..
အာရောဂျံ၊ အောက်တိုဘာ၊ ၂၀၀၉

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks