ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော နိုင်ငံတကာမောင်ပြိုင်ပွဲ Mister Global 2014 တွင် အမြင့်ဆုံးဆု ဆွတ်ခူးရရှိခဲ့သော်လည်း နှစ်လကျော်ကြာသည်အထိ ဆုကြေးငွေ ဒေါ်လာ သုံးထောင် ရရှိခြင်း မရှိသေးကြောင်း ဆုရှင် မာကို (ခ) မြတ်သူရလွင်က ပြောသည်။
‘‘ဆုကြေးငွေက ဗီယက်နမ်သွားရင် ပေးမယ်လို့ ပြောထားတယ်။ ဗီယက်နမ်ရောက်တော့ မပေးဘူး။ သူတို့ဆီမှာ ပိုက်ဆံ လက်ထဲမရှိသေးလို့၊ သူတို့ပြဿ နာတစ်ခုခုကြောင့် ကျွန်တော့်ကို မပေးဖြစ်ဘူး။ သူတို့မပေးဖြစ်တော့ ကျွန်တော်ဒီမှာ ဆုကြေးပိုက်ဆံနဲ့ အလှူလုပ်ဖို့ ကိစ္စတွေရော၊ ကျွန်တော်ပြောထားသလိုမျိုး ဘိုးဘွားရိပ်သာတို့၊ နာမကျန်း ဖြစ်တဲ့သူတွေ၊ မိဘမဲ့ကလေးတွေဆီ သွားလှူဖို့ ကိစ္စတွေလည်း မလုပ်ဖြစ်ဘူး။ ဆုကြေးငွေနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်ပြန်သွားဖို့ရှိတယ်’’ ဟု မာကိုက ပြောသည်။
ဆုကြေးဒေါ်လာ သုံးထောင်ကို တစ်ဝက်စီ နှစ်ခါပေးရန် ပြောထားသော်လည်း ဆုကြေးတစ်ဝက် ဒေါ်လာ ၁၅၀၀ ကို ယနေ့အထိ မရသေးဘဲ ကျန်တစ်ဝက်ကိုလည်း ၂၀၁၅ တွင် ပြုလုပ်မည့် Mister Global 2015 ဆုရှင်ကို ဆုလွှဲအပ်ချိန်မှသာ ရရှိမည်ဟု ပြောဆိုကြောင်း မာကိုကပြောသည်။
‘‘ပေးထားတဲ့ ကတိတွေ ပျက်တာပေါ့။ ဆုကြေးရရင် ဘယ်လိုဆက်ပြီး လုပ်ဆောင်သွားမယ်ဆိုတာ ပြောထားတော့ ကျွန်တော့်ပရိသတ်တွေကလည်း ဘယ်တော့အလှူလုပ်မှာလဲ ခဏခဏမေးကြတယ်’’ ဟု မာကိုက ပြောသည်။
နိုင်ငံပေါင်း ၁၈ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အဆိုပါပြိုင်ပွဲကို မတ်လ နောက်ဆုံးပတ်က ပြုလုပ်ခဲ့ပြီး မြန်မာကိုယ်စားပြု ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပွဲဦးထွက်တွင်ပင် ပြိုင်ပွဲ၏ အမြင့်ဆုံးဆု Mister Global 2014 Winner ဆုကို မာကိုက ဆွတ်ခူးရရှိခဲ့သည်။